Sunday, March 25, 2012

ဒေါ်စုနေအိမ် အင်တာနက် လိုင်းတပ်ခွင့်ရ

ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ရတနာပုံ တယ်လီပို့၏ အင်တာနက် လိုင်းကို ယမန်နေ့တွင် လာရောက် တပ်ဆင်သွားသည်။

“Mcwill စနစ် တယ်လီဖုန်း လိုင်းပေါ့။ ဒါပေမဲ့ ဖုန်းမပါ သေးဘူး။ ဖုန်းသုံး မရသေးဘူး။ အင်တာနက်ပဲ ချပေးတယ်။ ၅၁၂ ကီလိုဘိုက် (အင်တာနက် အမြန်နှုန်း) ပေးထားတယ်။ သူတို့ တရားဝင် ပြောထားတာက ၁ မီဂါဘိုက်ပေါ့နော်။ ဒါပေမဲ့ မပေးသေးဘူး။ နောက်မှ ထပ်တိုးပေးမယ်လို့ ပြောတယ်” ဟု သူမ၏ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နည်းပညာ ကျွမ်းကျင်သူ တဦးက ပြောပါသည်။ အင်တာနက် သွယ်တန်းမှု အတွက် ငွေကျပ် ၅ သိန်း ၆ သောင်း ကုန်ကျသည်ဟု ဆိုသည်။

သူ၏ နေအိမ်တွင် အင်တာနက် တပ်ဆင်ပေး လိုက်သလို ၃ နှစ်ကြာ ဖြတ်တောက် ထားခဲ့သော ရန်ကုန်မြို့ ရွှေဂုံတိုင် လမ်းရှိ NLD ရုံးချုပ် တယ်လီဖုန်း ကိုလည်း မြန်မာ့ ဆက်သွယ်ရေးက ယခုလတွင် ပြန်လည် တပ်ဆင်ပေး ခဲ့သည်။

NLD ၏ ကိုယ်ပိုင်ဝဘ်ဆိုဒ်များဖွင့်မည့် မကြာမီ အစီအစဉ် ရှိကြောင်း ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

၂ဝ၁ဝ ခုနှစ် မြန်မာ့ဆက်သွယ်ရေး ထုတ်ပြန်ချက်အရ တနိုင်ငံလုံးတွင် အင်တာနက် အသုံးပြုသူ ၄ သိန်းကျော်ရှိပြီး အများစုမှာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖြစ်သည်။

No comments:

Post a Comment